Skip to main content
x
Photo

(စောင်းသည် ညှင်းသည်တို့ ဆက်လက်ငိုက်မျည်းကြပါရန် )

(စောင်းသည် ညှင်းသည်တို့
ဆက်လက်ငိုက်မျည်းကြပါရန် )

ယသော်ဓယာ သားတော်ရာဟုလာကိုပိုက်၍အိပ်ဟန်
စောင်းသည် ညှင်းသည်တို့ ငိုက်မျည်းကျဟံတဲ့။

ဘုရားလောင်းသိဒ္ဒတ္ထမင်းသားက တောထွက်ခါနီး ယသော်ဓယာနဲ့ သားတော်
ရာဟုလာကို ကြာချည်လှစ်ပြီး လာကြည့်တဲ့ အခန်းပေါ့။ အဲဒီမှာ စောင်းသည်
ညှင်းသည်တို့ကလည်း ယသော်ဓယာတို့ကို ဖျော်ဖြေရင်းငိုက်မျည်းနေကြတာ
တွေ အိပ်ပျော်နေကြတာတွေကိုထည့်ပြီး ရေးဆွဲထားခဲ့တာပါ။

အခုချိန်ရောက်တော့ အဲဒီ စောင်းသည်၊ ညှင်းသည်တို့ကပဲ သူတို့အနိစ္စကို
ဆွဲဆန့်ဖို့ ကျွန်တော့်ကို ရွေးချယ်ခဲ့ကြတယ်လို့ ပြောရတော့မှာပါ။

စောင်းသည်ညှင်းသည်တို့က စေတီလေးထဲ ဝင်ဝင်ခြင်း ညာဖက်
(မြောက်ဖက်)နံရံရဲ့ အရှေ့ဖက်ဆုံးမှာ ရှိနေတာပါ။ နံရံပန်းချီကို စီစဉ်ရေးဆွဲ
ထားတာက အတန်း(၅) တန်းမှာ ဒုတိယတန်းမှဖြစ်ပြီး ရပ်နေရင်ခါးသာသာ
အနေအထားလေက်မှာ ရှိပါတယ်။ စောင်းသည်ငြှင်းသည်တို့ပြီးရင်
မြောက်ဖက်တန်းပြီးပါပြီ အရှေ့မြောက်နံရံ ထောင့်ချိုးလေးမှာရှိနေတာပါ။

အဲဒီစောင်းသည်ညှင်းသည်တွေကို ကျွန်တော်စတွေ့တာက ကျောင်းလစ်ပြီး
ကာတွန်းစာအုပ်ခိုးဖတ်တဲ့ ကျောင်းသားကြီးတွေနဲ့လိုက်သွားရင်းတွေ့ခဲ့ရ
တာပါ။

ဆားလင်းကြီး အထကမှာ (၈)တန်း ကျောင်းသားဘဝက ကျောင်းလစ်ပြီး
ကာတွန်းစာအုပ်ခိုးဖတ်ကြတာပါ။
ကျောင်းအနောက်ဖက် လယ်ကွင်းတွေထဲမှာ ခြုံနွယ်ပိတ်ပေါင်းတွေ ဖုံးအုပ်
နေတဲ့ စေတီအပျက်လေးတွေက ဟိုနားတစ်ဆူ ဒီနားတစ်ဆူရှိနေပါတယ်။
ဒီစေတီလေးက နည်းနည်းလှမ်းပြီး လူနေရပ်ကွက်တစ်ခုရဲ့နောက်ကျောနား
ဆီမှာ ကျရောက်တယ်။
ဒါပေမယ့် ခြုံတွေ ဖုံးအုပ်နေလို့ ဝင်မရဘူး။ ဒါကို ကျောင်းသားကြီးတွေက
ခြုံတွေ နည်းနည်းရှင်းပြီး အားလျားမှောက် ဝမ်းလျားထိုးပြီးဝင်ကြတယ်။

ကျောင်းသား(၇) ယောက်က မှောင်မည်းနေတဲ့ စေတီလေးထဲရောက်တော့
ကာတွန်းစာအုပ်တစ်အုပ်တည်းကို ဝိုင်းဖတ်ကြတာပဲ။

မှောင်မည်းနေတဲ့ လှိုဏ်ဂူထဲ အားကြိုးမာန်တက် ဝိုင်းဖတ်နေတဲ့ ကာတွန်း
စာအုပ်က ကာတွန်းထွန်းမင်းလတ်ရဲ့ အပါလွင်တဲ့။
ကျွန်တော်ကကာတွန်းစာအုပ်ကို ကိုင်ထားတဲ့ ကျောင်းသားကြီးရဲ့နောက်
ကျောကနေ သူခေါင်းကိုကျော်ပြီး ကုန်းဖတ်နေတာ။
ကျွန်တော်က စာဖတ်မြန်တယ်၊ ကျန်တဲ့လူတွေ စောင့်နေရတာကကြာလာ
တော့ ပျင်းလာတာရော ခါးကကုန်း ထားရတာ ညောင်းတာရောကြောင့်
ခါးစန့်ပြီး အမှောင်ထဲ ဟိုကြည့် ဒီကြည့်လုပ်တော့ အမှောင်ထဲမှာ ကျင့်သား
ရလာပြီးနံရံပေါ်မှာ အရုပ်လေးတွေရှိနေပါလားလို့ မြင်လာရတယ်။
နံရံပန်းချီလို့ ဘယ်သိဦးမှာလဲ။

အော် အရုပ်လေးတွေပါလားပေါ့ နံရံပေါ်မှာ ပန်းချီတွေ ဆွဲထားတာပဲ၊
ငါ့ဘေးမှာလဲ ရှိနေတာပါလားပေါ့။ ဒါနဲ့ ကိုယ်ရပ်နေတဲ့ ချောင်လေးထဲကနေ
မလူးသာမလွန့်သာ နောက်လှည့်ကြည့်တော့ ဒီ စောင်းသည်ညှင်းသည်တို့ကို
တွေ့တာပဲ၊ အာရုံစိုက်ကြည့်မိတော့ စာလေးတွေ ပါတယ်ပေါ့။
ဒါနဲ့ အမှောင်ထဲ ကြိုးစားပြီး ဖတ်ကြည့်တော့ အနည်းငယ်ဖတ်လို့ရနေတယ်။

စောင်းသည် ညှင်းသည်တို့က ချက်ခြင်းနားမလည်ပေမယ့် ငိုက်မျည်းကျဟံ
ကိုတော့ နားလည်တယ်၊ အရုပ်လေးတွေ ကြည့်တော့။ ဟင် ငိုက်မျည်းကျဟံ
လည်းပြောသေး မျက်လုံးလေးတွေကလည်း ပြူးလို့ပါလားပေါ့။

ဆယ်တန်းအောင်လို့ မုံရွာကောလိပ်တက်တော့မုံရွာကောလိပ် မြန်မာစာ
ဌာနက တကယ့် Well Train ဆိုတော့ ဒါတွေသိပြီ။ မြန်မာစာဌာနက ဆရာ
တွေကို ဒီပန်းချီတွေရှိကြောင်းပြောပြတော့ စနေတနင်္ဂနွေ ကျောင်းပိတ်ရက်
မှာ မုံရွာကောလိပ် မြန်မာစာဌာနက ဆရာတွေလိုက်ကြည့်ကြတယ်။ ဒီလိုပဲ
ခြုံတိုးဝင်ကြရတာပဲ။

ဆရာတွေကရှင်းပြတော့ တန်ဖိုးကိုသိပြီ။ ရန်ကုန်ကနေ ဆားလင်းကြီးပြန်လို့
ကင်မရာလေးရရင် ဓါတ်ပုံမှတ်တမ်းသွားယူလိုက်၊ ဗီဒီယိုကင်မရာလေးရရင်
ဗီဒီယိုမှတ်တမ်း သွားယူလိုက် လုပ်နေရင်းနဲ့ စေတီလေးရဲ့ ပျက်စီးနှုန်းက
မြင့်တက်လာတာကို မြင်မြင် လာရတော့တာပဲ။

ရန်ကုန်မှာနေတဲ့ဘဝမှာ ဆားလင်းကြီးကို သတိရပြီး စိတ်ပူရတာက အမေ
အဖေရယ်ဒီနံရံပန်းချီတွေရယ်ပဲ။ စောင်းသည် ညှင်းသည်တို့ရဲ့ အမှောင်ထဲ
ကနေ ပြူးနေတဲ့ မျက်လုံးလေးတွေက စိတ်အာရုံထဲ အမြဲပေါ်တော့တာပဲ။

ဒုက္ခပါကြီးတယ်။
ဒီစေတီလေးက ပြုပြင်ထိန်းသိမ်းမှုမလုပ်ရင် တစ်နှစ်၊နှစ်နှစ်အတွင်းအလိုလို
ပြိုကျသွားပြီး အုတ်ပုံဖြစ်သွားတော့မှာ မြင်လာရပြီ။ မျက်လုံးပြူးလေးတွေ
မှိတ်ကြရတော့မယ်။ အဲဒါ သူတို့မျက်လုံးလေးတွေမပိတ်ရဖို့ ကျွန်တော်
လျောက်ခဲ့ရတဲ့လမ်းကိုအခုချိန်ပြန်ကြည့်မိတော့ အမှောင်ထဲမှာ တစ်ယောက်
တည်း လျောက်ခဲ့ရတဲ့လမ်းပဲလို့ ပြောချင်ပါတယ်။

အဲဒီကာလက အာရုံထဲမှာ စောင်းသည် ညှင်းသည်တို့ မျက်လုံးလေးတွေ
မပိတ်ဖို့၊ ဒီနံရံပန်းချီတွေ အရှည်တည်တန့်ဖို့၊ ဒီစေတီအိုလေးတွေကိုပြုပြင်
ထိန်းသိမ်းလိုစိတ်ကပဲကြီးစိုးနေခဲ့တာပါ။ဒါပေမယ့်လည်း ဆားလင်းကြီးလို
တောမြို့လေးကနေ ထွက်လာခဲ့ပြီးရန်ကုန်မြို့ကြီးမှာ ရုန်းကန်နေရတဲ့ ဒီဇိုင်း
ဆရာ(Graphic Designer )တစ်ယောက်ရဲ့ ဘဝက လက်တွေ့မှာ ဘယ်လို
လုပ်လွယ်ကူပါ့မလဲ။

ဆားလင်းကြီးကိုပြန်တဲ့ တစ်နှစ်က ဒီလိုနံရံပန်းချီတွေ ရှိနေတဲ့ စေတီအို
ဆယ်ဆူလောက်မှာ ဒီစေတီလေးက မြောက်ဖက် တစ်ခြမ်းလုံး ပြိုကျနေ
တာတွေ့ရပြီး ရှေ့အဝင်မုခ်ပေါက်က ပြတ်ထွက်ပြိုကျနေတာကိုတွေ့ရတော့
တာပါပဲ၊ တစ်ယောက်ထဲ ထိတ်ထိတ်ပြာပြာ ဖြစ်သွားပြီးစေတီလေးထဲ
အမြန်ဝင်ကြည့်တော့ နံရံပန်းချီတွေကရှိနေသေးတယ်၊ မထိခိုက်သေးဘူး၊
ဒါလည်း အံ့ဩစရာပဲ၊ ဖြစ်ပျက်နေပုံက အလုံးစုံပျက်စီးတော့တဲ့ အခြေ
အနေမှာ အထဲက နံရံပန်းချီတွေက မထိခိုက်ရုံလေး ကပ်ရက်ပဲ။

ဒီခံစားမှုက စေ့ဆော်တော့ ဒီအကြောင်းကို စာလေးရေးမိပါတယ်။
အဲဒီတုန်းက ကျွန်တော်က မြင်ကွင်း မဂ္ဂဇင်းမှာ ရှေးဟောင်း အမွေအနှစ်
များရှိရာဆီသို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ လစဉ် ဆောင်းပါးတစ်ပုဒ်ရေးလက်စ
ရှိပါတယ်။ ပုဂံတို့၊ ပင်းယတို့၊ မက္ခရာတို့ အင်းဝ တို့ အမွေအနှစ်များရှိရာ
ဆီကို ခရီးသွားခဲ့တဲ့ အကြောင်းလေးတွေပါ။ တစ်လကို တစ်နေရာ၊
တစ်နှစ်စာ ၁၂ ပုဒ် ၁၂ နေရာပေါ့။ နောက်ဆုံးလ ရောက်နေပြီ၊
ဒါနဲ့ ဒီ နံရံပန်းချီနဲ့ ဆားလင်းကြီးက စေတီ လေးတွေထဲက နံရံပန်းချီတွေ
အကြောင်းကိုရေးလိုက်ပြီး ဒီစေတီလေးပြိုကျတော့မယ် ငါလည်းမပြင်
နိုင်ဘူး၊ စိုးရိမ်နှမြောမှုက ခန္တာကိုယ်ထဲ အဆိပ်ပျံ့သလို ပျံ့လာနေတယ်လို့
အီမိုရှင်နယ်တွေလည်း ပါကုန်ပါတယ်။

ဒီစာပါပြီး တစ်လလောက်အကြာ မြင်ကွင်းမဂ္ဂဇင်းတိုက်ကိုရောက်တဲ့
အခါ မဂ္ဂဇင်းတိုက်က အယ်ဒီတာအဖွဲ့က ကလေးမလေးတစ်ဦးက
ဆရာ့ဖုန်းနံပါတ်ကို စာဖတ်ပရိတ်သတ် တစ်ဦးက တောင်းနေပါတယ်။
ပေးလိုက်လို့ ရပါသလားတဲ့။ ပေးလို့ရပါတယ်၊ ငါက စျေးချိုပါတယ်ဟယ်
ပြောပြီး ချစ်သုဝေစုထားတဲ့ အရုပ်ကလေးတွေ၊ ပပဝင်းခင် စုထားတဲ့
ဖိနပ်ကလေးတွေရဲ့အကြောင်း စာမျက်နှာတွေရဲ့ နောက်က ငါ့စာတွေကို
စာဖတ်ပရိတ်သတ်က ရှိသေးတာတဲ့လားလို့ နောက်ပြောင်ပြီး ပြောခဲ့ပါ
သေးတယ်။

နောက်နေ့ ဖုန်းလာပါတယ်။
ဆရာရေးတဲ့စာ ဖတ်ရပါတယ်၊ ဒီစေတီလေးကို ပြုပြင်ဖို့ ကျပ်သိန်းတစ်ရာ
လှူပါရစေတဲ့၊ ပြီးတော့ ဆရာ ဗုဒ္ဓဂါယာကို သွားပါ၊ ပြီးရင် ဒီလိုစာလေးရေး
တာ ဖတ်ရတဲ့သူတွေ ရောက်ရသလိုပဲဖြစ်လို့ ဗုဒ္ဓဂါယာကို သွားဖို့ ဒေါ်လာ
နှစ်ထောင် လှူပါရစေတဲ့။
စေတီလေးပြုပြင်ထိန်းးသိမ်းဖို့ သိန်တစ်ရာလှူမယ်ဆိုတာကို ကျွန်တော်
ဟန်မဆောင်နိုင်ဘူး၊ လက်ခံပါတယ်လို့ တန်းခနဲ ပြောတာပဲ။

ဗုဒ္ဒဂါယာကို မသွားနိုင်သေးပါဘူး၊ အဲဒီအလှူငွေ လက်မခံပါရစေနဲ့။
စေတီလေး ပြုပြင်ထိန်းသိမ်းဖို့ သိန်းတစ်ရာလှူတာ ယူပါမယ်၊
ဆားလင်းကြီးမြို့က တောင်ပေါ်ကျောင်းဆရာတော်ဦးအာဒိစ္စဝံသထံကို
ပေးပို့လှူဒါန်းပေးပါ၊ ဆရာတော့်ထံ ပေးပို့လှူဒါန်းဖို့လိုတဲ့ကိစ္စ ကျွန်တော်
ကူညီ ဆောင်ရွက်​ပေးပါမယ်ပြောတော့၊

အဲလို မဟုတ်ပါဘူးတဲ့ ဆရာ့လက်ထဲပဲ လှူမှာပါ၊ သဘောက ဒီငွေတွေကို
ဆရာ့ကိုယ်ကျိုးကိစ္စအတွက်သုံးစွဲစရာရှိလို့ သုံးစွဲစွဲခဲ့ရင်လည်း သုံးစွဲနိုင်ပြီး
အပစ် တစ်စုံတစ်ရာ မရှိအောင်လို့ပါတဲ့၊ ဆရာ့ရဲ့ ဒီစေတီလေးကို ပြုပြင်
ထိန်းသိမ်းချင်တဲ့ စိတ်အတွက်လှုဒါန်းတာဖြစ်လို့ စေတီလေးကို ပြပြင်ပြီး
နံရဲပန်းချီတွေကို ထိန်းသိမ်းဖို့ လွတ်လပ်စွာ ဆောင်ရွက်နိုင်ပါတယ်တဲ့။

ဘယ်လို ဝမ်းသာမယ်ဆိုတာမြင်နိုင်ပါတယ်။ အဲဒီအလှူငွေကို လက်ခံပြီး
တောင်ပေါ်ကျောင်းဆရာတော်ထံ အပ်နှံကာ နံရံပန်းချီတွေကို အဓိကထား
ထိန်းသိမ်းပြီး စေတီတော်လေးကို ပြုပြင်မှု ဆောင်ရွက်ဖို့ စေတီတော်လေး
ရဲ့ရှေ့မှာ မနက်ထွက်လာမယ့် နေကိုစောင့်ဆိုင်းရင်း ထွက်ပေါ်လာတဲ့နေကို
တိုင်တည်ပြီး တစ်ယောက်တည်း ထိုင်ကန်တော့ကာ

ပြိုပျပျက်စီးတော့မယ့် ဒီစေတီလေးထဲက နံရံပန်းချီတွေရဲ့အနိစ္စကိုတတ်နိုင်
သမျှ ဆွဲဆန့်ပြီး အရှည်တည်တံ့စေချင်ပါတယ်၊ အခုပြုပြင်ထိန်းသိမ်းမှုက
နောင်အနှစ်တစ်ရာတည်တန့်ရင် နောက်မျိုးဆက်က လက်ဆင့်ကမ်းထိန်း
သိမ်းနိုင်ပြီး အနှစ်ရာထောင်ချီပြီး တည်ရှိနိုင်ပါမယ်၊
ဒါ့ကြောင့် မူလ အလှူရှင်နဲ့ စေတီတော်တည်ဆောက်ရာမှာ ပါဝင် ပါတ်သက်
ခဲ့ကြတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်များနဲ့ နံရံပန်းချီရေးးဆွဲခဲ့သော
ဆရာတို့ကို ကျွန်တော့်အား စေတီတော်နဲ့ နံရံပန်းချီများကို ပြုပြင်ထိန်းသိမ်း
ဖို့ ခွင့်ပြုပေးပါရန်တောင်းပန်လျောက်ထားပြီး ပြိုကျကာနီးစေတီတော်ရဲ့
နောက်ဆုံးအခြေအနေကို တရားဝင် ဓါတ်ပုံ မှတ်တမ်းအဖြစ် လေးဖက်
လေးတန် ဓါတ်ပုံရိုက်ယူပြီးနောက် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ စတင်
ခဲ့ပါတယ်။

စေတီတော်ကို ပြုပြင်ထိန်းသိမ်းပြီး ဆရာတော်က စေတီတော်ကိုဘွဲ့အမည်
အသစ်ကပ်လှူကာ ဆားလင်းကြီးမြို့မှ ရှိသမျှ သံဃာကုန်က အနေကဇာတိ
သံသာရံ ရွတ်ဖတ်လျက် ထီးတော်တင်ကပ်လှူပြီး ရေစက်သွန်းချ အမျှဝေခဲ့
ပါတယ်၊ ထီးတော်တင်ပွဲရောက်မှ ဆားလင်းကြီးမြို့က လူအများက ဒီစေတီ
ကို ရောက်ဖူးကြပြီး ခြုံနွယ်တွေကြားကစေတီပျက်လေးထဲမှာ နံရံပန်းချီတွေ
ရှိမှန်း သိကြပြီး အခုမှမြင်ဖူးကြပါတယ်။

ထီးတော်တင်ပွဲရောက်မှ အလှူရှင်မိသားစုရောက်ရှိလာပြီး မြင်တွေ့ရပါတယ်၊
တစ်ခါမျှ မကြားဘူး မရောက်ဘူးတဲ့ ဆားလင်းကြီးမြို့ကို ဒီစေတီတော်
ထီးတင်မှရောက်ရှိတဲ့အလှူရှင်ကို ဆရာတော်ကအလှူငွေပိုနေသေးကြောင်းနဲ့
စာရင်းရှင်းတမ်းပေးတဲ့အခါ အလှူရှင်မှ စာရင်းမလိုပါကြောင်းနဲ့ စေတီတော်
နဲ့ နံရံပန်းချီများ ရေရှည်တည်တန့်တော့မှာ မြင်ရခြင်းက ပြီးပြည့်စုံပါကြောင်း
နဲ့ ပိုငွေကို ကိုမျိုးဆွေသန်းနဲ့ ဆရာတော်တို့က ဒီစေတီတော်အကျိုးနဲ့ လိုအပ်
ရာကို အသုံးပြုနိုင်ကြောင်းပြောကြားခဲ့ပါတယ်။

ဒီစေတီတော်ကို မုံရွေးဂူအမှတ် (၁) လို့ ကျွန်တော်မှတ်ထားပြီး
အမှတ်(၁) ကိုမရောက်ခင် ဒီလိုပဲ ပြိုကျ ပျက်စီးတော့မယ့် နံရံပန်းချီတွေ
ရှိတဲ့ အမှတ် (၂ ) စေတီကို နောက်နစ်မှာ ကျွန်တော်၊ ရန်ကုန်က ကိုပြည့်ဖြိုး
အောင်နဲ့ ကိုလေးဖြူတို့က ပြုပြင် ထိနိးသိမ်းနိုင်ခဲ့ပြီး ဆရာတော်က
ဘွဲ့အမည်သစ် သမုတ်ကာထီးတော်တင် ရေစက်ချအမျှဝေနိုင်ခဲ့ကြပါတယ်။

ဒီစေတီတော် ၂ ဆူရဲ့အတွင်းက နံရံပန်းချီတွေက အင်းဝခေတ်ကရေးဟန်
အတိုင်းမျက်လုံးပြူးပြူး ပါးဖောင်းဖောင်းလေးတွေ ရေးဆွဲတာရဲ့လွှမ်းမိုးမှု
ရှိနေဆဲဖြစ်လို့ ညောင်ရမ်းခေတ်လို့ ပြောနိုင်ပေမယ့် ညောင်ရမ်းအကုန်
အမရပူရခေတ်ဦးဖြစ်ပါလိမ့်မယ်။

လူနေရပ်ကွက်တစ်ခုရဲ့ နောက်ကျောမှာ လမ်းသာခြားပြီး ကပ်လျက်ရှိနေ
ပေမယ့် ခြုံနွယ်တွေအောက်က အပြို အပျက်စာရင်းမျှသာရှိခဲ့ပြီး မုံရွေး
ကျောင်း၊ မုံရွေးဂူဟု ခေါ်ဆိုခဲ့ကြကြောင်းကလွဲ၍ မည့်သည့်မှတ်တမ်း
အထောက် အထားမျှ မသိရပါ။

မုံရွေးဆရာတော် စာသင်ကြားခဲ့ရာ နေရာဖြစ်လို့ မုံရွေးကျောင်းဟု ရှေ့လူတို့
အလွယ်မှတ်ယူ ခေါ်ဝေါ်ခဲ့ကြဟန်ရှိသော်လည်း မုံရွေးဆရာတော်စာသင်ကြား
ဖို့ လာရောက်ခြင်း မရှိစဉ်ကပင် စာသင်တိုက်ကြီးများ ရှိခဲ့ကြောင်းကို အနီးရှိ
ရှေးဟောင်းသောက်ရေကန်က ညွှန်ပြနေပါတယ်။ မုံရွေးဆရာတော် မတိုင်မီ
စာသင်တိုက်ကြီးက ကြွင်းကျန်ခဲ့တဲ့ စေတီအစုများဖြစ်ပါတယ်။

ဘ်ိုးတော်ဘုရားမင်း လက်ထက်က မင်းဆရာ၊ သာသနာပိုင်ချုပ်ဖြစ်ပြီး၊
ဘကြီးတော်မင်း လက်ထက်ထိ မင်းဆရာ ဖြစ်ခဲ့ကာ ဘကြီးတော်မင်း
လက်ထက် ဘုရင်ရဲ့ မှန်နန်းဆောင်မှာ ပဒေသရာဇ်ခေတ်တွင် သမိုင်းကို
မစ်ရှင်ဖွဲ့ကာ ရေးသားခဲ့သော မှန်နန်းရာဇဝင်ရဲ့ ဥက္ကဌ ဖြစ်သူ ချင်းတွင်း
မြစ်ရဲ့အရှေ့ဖက်ကမ်းမှ မုံရွေးဆရာတော်က ချင်းတွင်းမြစ်ရဲ့အနောက်ဖက်
ကမ်း ဆားလင်းကြီးမြို့က စာသင်တိုက်ကြီးတွေမှာစာသင်ကြားခဲ့ကြောင်း
ကို ဆရာတော်ကိုယ်တိုင်ရေးသားခဲ့တဲ့ အတ္တုပတ္တိ မော်ကွန်း ကျောက်စာမှာ
ဆရာတော်က သူဟာ ဇာတိ မုံရွေး၊ ပဝတ္တိ ဆားလင်းကြီးလို့ ရေးထိုးထား
တာကိုတွေ့ရသလို၊

မုံရွာသီရိမာ (လှေသင်းအတွင်းဝန် ဦးချိန့် ) မေးပြီး မုံရွေးဆရာတော် ဖြေကြား
ခဲ့သော သမ္မန္ဒစက္ကုဒီပဏီတွင် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးရဲ့
လက္ခဏာကြီးငယ်တို့ကို ဖြေဆိုရာမှာ မုံရွေးဆရာတော်က ဒီအဖြေဟာ မေးသူ
အာသာပြေပါရန် ဖြေကြားခြင်းဖြစ်လို့ အကျဉ်းမျှသာ ဖြစ်ပါတယ်၊
ဂဠုန်ငှက်ပျံရမယ့်နေရာမှာ နှံပြည်စုတ်ငှက်က ပျံတဲ့ သဘောဖြစ်လို့ အကျယ်
သိလိုပါမူ ဆားလင်းကြီးမြို့ သူစာသင် ကြားရာကျောင်းတိုက်မှ ဆရာတော်
များထံတွင် မေးကြားပါရန်လို့ ဆားလင်းကြီးမှ သူ့ဆရာတော်များရဲ့
ဘွဲ့အမည်များနဲ့ ညွှန်းထားတာကို တွေ့ရှိရပါတယ်။

နံရဲပန်းချီများနှင့်စေတီအိုအစုများ ရှိရာ ဆားလင်းကြီးမြို့က မြောက်တိုက်
ကြီးအစု၊ ချောက်နက်ကျောင်းအစု၊ သမန်းကျင်းအစု၊ ဝက်တောတိုက်အစု
မုံရွေးကျောင်းအစု စသည်တို့ဟာ ပိဋကစာပေသင်ကြားပေးရာကျောင်းတိုက်
အစုကြီးများ ဖြစ်ခဲ့ကြောင်းကို မုံရွေးဆရာတော် ရေးသားသောစာပေများ
အရသိရှိနိုင်ပါတယ်။

သို့သော် ထိုစဉ်ကကဲ့သို့သော အခြေအနေများနှင့်ကွဲပြားစွာ ခြောက်သွေ့ညှိုး
နွမ်းလျက်ရှိသော လက်ရှိဆားလင်းကြီးမြို့မှာ ယခင်ကအ​ခြေအနေများကို
သိရှိခြင်းမတွေ့ရသလို တစ်ခုတည်းသော သက်သေခံအထောက်အထား
အဖြစ် ယခုအခါ ပြိုကျပျက်စီးမှုကို စောင့်ဆိုင်းနေကြတဲ့ စေတီအိုများသာ
ကြွင်းကျန်ပါတော့တယ်။

ပြုပြင်ထိန်းသိမ်းမှု ပြလုပ်နိုင်ခဲ့တဲ့မုံရွေးကျောင်း စေတီ ၂ ဆူကို မြန်မာနိုင်ငံ
ရှေးဟောင်းသုတေသနဌာနသို့ အသိပေး အကြောင်းကြားပြီး ထိန်းသိမ်း
စောင့်ရှောက်နိုင်ရန် မှတ်တမ်းနှင့်တကွ အပ်နှံပေးခဲ့ပါတယ်။ မြန်မာနိုင်ငံ
ရှေးဟောင်းသုတေသနဌာနက လက်ရှိဒုတိယညွှန်ကြားရေးမှူးချုပ် ဆရာ
ဦးသိန်းလွင်က သွားရောက်စစ်ဆေးပြီးတဲ့အခါ မုံရွေးကျောင်းစေတီအမှတ်
(၁) နံရံပန်းချီထဲမှာ ဒီနိုင်ငံထဲကို ဗုဒ္ဓဘာသာဝင်ရောက်လာတဲ့ နောက်ထပ်
လမ်းကြောင်း ရှိနေတယ်ဆိုတာတွေ့ရပါတယ်လို့ပြောပါတယ်။

ပြင်သစ်နိုင်ငံသား ခရစ္စတိုဖာမူနီယာ( မြန်မာအမည် ကိုကျော်အေး)ကို
ကျွန်တော်လမ်းညွှန်ပေးခဲ့လို့ မုံရွေးစေတီတွေဆီ ရောက်ရှိခဲ့ကာ ဒီနံရံ
ပန်းချီတွေအကြောင်း စာအုပ်ထုတ်ဝေတာတွေ့ရပါတယ်။
ဆားလင်းကြီးမြို့ကို လာရောက်တဲ့ နိုင်ငခြားသားပညာရှင်အားလုံးက
ဒီနံရံပန်းချီတွေကို လာရောက်လေ့လာ ကြည့်ရှုကြခြင်းပဲ ဖြစ်ပါတယ်။
ယခုအထိ ကျွန်တော်နောက်ဆုံးတွေ့ခဲ့တဲ့ ပညာရှင်က ရန်ကုန်တက္ကသိုလ်
မြန်မာစာဌာန ပါမောက္ခဆရာဦးမြင့်ကြည်နဲ့ ဟားဗတ်တက္ကသိုလ်ရဲ့
ဂုဏ်ထူးဆောင်ပါမောက္ခ အရှေ့တိုင်းအနုပညာရေးရာ ကျွမ်းကျင်သူ
ဒေါက်တာလီလီယန်တို့ ဖြစ်ပါတယ်။

ယခုအခါ မုံရွေးကျောင်းစေတီ ၂ ဆူဟာ ဥပဒေအဆုံးအမ အောက်တွင်
ထည့်သွင်းထိန်းသိမ်းထားသည်ဟု အဓိပ္ပါယ်ရသော မြန်မာနိုင်ငံရှေးဟောင်း
သုတေသနမှ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟူသော ဆိုင်းပုဒ်အပြာရောင်
သတိပေးချက်နှင့်အတူ အစောင့်ရှောက်ခံခွင့် ရရှိလျက် တည်ရှိနေပါတယ်။

ကျွန်တော့်အတွက်တော့ နေထိုင်ခဲ့စဉ်မှာ လုပ်ကိုင်ခဲ့သမျှတွေထဲက ဂုဏ်ယူ
နိုင်စရာတစ်ခု ဖြစ်တယ်လို့ ခံစားရတာထက် ထီးတင်ပြီးတဲ့ အချိန်မှာ
တစ်ကိုယ်တည်းလှိူဏ်ဂူထဲဝင်ပြီး အရှေ့မြောက်ထောင့်မှာရပ်ရင်း
စောင်းသည် ငြှင်းသည်တို့ကို မျက်နှာခြင်းဆိုင်ကြည့်ပြီး၊
ကဲ မျက်လုံးလေးတွေ ဆက်ပြူးလို့ရကြပြီနော် ရှေ့ဆက်ပြီး ကျွန်တော်
မရှိတော့ရင်လည်း မျက်လုံးလေးတွေ ပြူးလျက် ဆက်လက်ငိုက်မြည်း
ကြပါလို့ ပြောနိုင်ခဲ့တာလေးက အကျေနပ်ဆုံးပါ။

ဒီဇိုင်း မျိုးဆွေသန်း
၁၃၊ ဒီဇင်ဘာ၊ ၂၀၂၀
၃း၄၅ နာရီ။

Photo1